(၁၈)ရာစုအစောပိုင်းကာလများက နယူးယောက်မြို့ကြီးရဲ့ မန်းဟန်တန်အရပ်မှာ အလွန်ကြီးမားတဲ့ ရေအိုင်ကြီးတစ်အိုင်ရှိသတဲ့။ မြို့ကြီးအတွက်ကတော့ ရေချိုရေကောင်းတွေ ရယူနိုင်တဲ့ ရင်းမြစ်ကြီးတစ်ခုပေါ့။ မြို့ပေါ်က လုပ်ငန်းတွေဟာ ရေအရင်းအမြစ်ကောင်းတဲ့ အဲ့ဒီရေအိုင်ကြီးနားကို တစစနဲ့ ပြောင်းရွှေ့လုပ်ကိုင်လာကြတယ်။ အိုင်ကြီးထဲက ရေချိုရေသန့်တွေကို စုပ်ယူသုံးစွဲလိုက်၊ လုပ်ငန်းတွေက ထွက်လာတဲ့ ရေဆိုးရေညစ်တွေကို နီးနီးနားနား အဲ့ဒီကန်ကြီးထဲကို အလွယ်တကူစွန့်ပစ်လိုက်နဲ့ အလုပ်တွေဖြစ်နေကြတာပေါ့။ နှစ်တွေကြာလာတော့ အဲ့ဒီရေအိုင်ကြီးလည်း လူတွေရဲ့ဒဏ်ကို မခံနိုင်တော့ပဲ ပျက်စီးယို့ယွင်းခဲ့ရရှာတယ်။
ဘာလုပ်ကြမလို့ ဝိုင်းဝန်းအဖြေရှာကြရင်း နောက်ဆုံးမှာတော့ သက်ဆိုင်ရာမြို့ပြအာဏာပိုင်တွေက ရေဆိုးအိုင်ကြီးကို မြေဖို့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကတော့ ဒီနေရာမှာ မြေဖို့ပြီးရင် မြို့ပြစည်ပင်ရေးတွေ ဘယ်သို့လုပ်မည် ညာသို့လုပ်မည်ပေါ့။ လက်တွေ့မှာတော့ အဲ့ဒီလိုဖြစ်မလာခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တွေလွတ်မြောက်ခွင့်ရနေတဲ့အချိန်။ မှန်းကြည့်ရတာတော့ သူတို့တစ်တွေ ကျွန်တွေအဖြစ်က လွတ်မြောက်ခွင့်တော့ရပြီ၊ သို့သော် ဘယ်ကိုသွား ဘယ်ကိုလာပြီး ဘာလုပ်ကိုင်စားသောက်ကြမယ်ဆိုတာ ယောင်ချာချာဖြစ်နေကြမှာပါ။ ဒီမှာတင် အုပ်စုဖွဲ့ပြီးတော့ မြေဖို့ထားတဲ့ ရေအိုင်ကြီးပေါ်မှာ ဖြစ်သလိုနေထိုင် လုပ်ကိုင်စားသောက်ကြတော့တာပါပဲ။ အဲ့ဒါဟာ ကမ္ဘာ့ပျံကျနေထိုင်ကြသူတွေအကြောင်း ပြောမယ်ဆိုရင် မပါမဖြစ် အကြောင်းအရာတစ်ခုဖြစ်တဲ့ နယူးယောက်မြို့ကြီးရဲ့ Five Points Slum နဲ့ပတ်သက်တဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။
ဒီဘက်ခေတ်ကို ရောက်လာတဲ့အခါမှာ တိုးတက်ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ မြို့ကြီးတွေအတွက် ပျံကျနေထိုင်ကြသူတွေ (Slums) နဲ့ ကျူးကျော်နေထိုင်ကြသူတွေ (Squatters) ဆိုတာဟာ အထူးအဆန်းမဟုတ်တော့သလို၊ ခေါင်းခဲနေရတဲ့ ပြဿနာကြီးတစ်ရပ်လည်း ဖြစ်လို့နေပါတယ်။ Slum ပဲဖြစ်ဖြစ် Squatter ပဲဖြစ်ဖြစ် သူတို့တွေအစုအဖွဲ့နေထိုင်နေကြတဲ့နေရာတွေ (Housing Clusters) ဟာ တရားဝင်မဟုတ်တဲ့အခြေချနေထိုင်မှု (Informal Settlement) တွေပါပဲ။ အဲ့ဒီ Informal Settlement တွေကို တွေ့နေမြင်နေကြရတာဟာ အစီအစဉ်မကျခဲ့တဲ့ မြို့ပြတိုးတက်ဖွံ့ဖြိုးမှု (Unplanned/Unstructured Urban Development) ရဲ့ နောက်ဆက်တွဲဆိုးကျိုးရလဒ်တစ်ခုပါလို့ ပညာရှင်တွေက သတ်မှတ်ပြောဆိုလေ့ ရှိပါတယ်။ အလွတ်တန်းသုတေသနသမားတစ်ယောက်ဖြစ်တဲ့ Eben Forbes ရဲ့ လေ့လာမှုတစ်ရပ်မှာဆိုရင် မြို့ပြတစ်ခုမှာရှိနေတဲ့ ကျူးကျော်နေထိုင်သူတွေကို အိမ်ယာမဲ့ကျူးကျော်သူတွေ (Homeless Squatters) ၊ စီးပွားရေးကြောင့် ရွှေ့ပြောင်းလာသူတွေ (The Economic Migrants) နဲ့ ပါးနပ်ကျွမ်းကျင်မှုရှိတဲ့ ကျူးကျော်နေထိုင်သူတွေ (Professional Squatters) ဆိုပြီး (၃)မျိုးခွဲခြားတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ဘာကြောင့် သူတို့ ပျံကျ ကျူးကျော်နေထိုင်နေကြတာလဲ။ အကြောင်းတွေအများကြီး ရှိနိုင်ပေမယ့် အခြေခံကျပြီး ဘုံတူညီနိုင်ချေရှိတာကတော့ မြို့ပြမှာ နေထိုင်စရိတ် မတတ်နိုင်ကြလို့ပါ။ ဒီအတွက် သူတို့တစ်တွေ တတ်နိုင်တဲ့အိမ်ယာ (Affordable Housing) တွေ ဖော်ဆောင်ပေးရမယ်လို့ ဒေသဆိုင်ရာ မြို့ပြအာဏာပိုင်တွေက မြို့ပြအစီအမံ (Urban Planning) တွေနဲ့ အကောင်အထည်ဖော်ဆောင်ကြပါတယ်။ ရည်ရွယ်ချက်က ကောင်းမွန်ပေမယ့် ထိရောက်မှုရှိရဲ့လား အောင်မြင်မှုရရဲ့လား၊ အဲ့ဒီမေးခွန်းအတွက် အဖြေရှာကြရင်း ပြန်လည်သုံးသတ်ကြဖို့လည်း လိုလိမ့်မယ်လို့ ထင်မိပါတယ်။
ဒီနေရာမှာ သတိချပ်စရာတစ်ချက် ရှိပါသေးတယ်။ မြို့ပြယန္တယား (Urban Mechanism) ကို မောင်းနှင်လည်ပတ်နေတဲ့ဆီမှာ ပုံစံတကျလည်ပတ်နေတဲ့အစိတ်အပိုင်း (Formal Sector) သာမက ပုံစံတကျမဟုတ်ဘဲ လည်ပတ်နေတဲ့အပိုင်း (Informal Sector) ကလည်း အရေးပါနေပါတယ်။ အဲ့ဒီ Informal Sector ကို ဝင်ထမ်းပေးနေကြတဲ့ သူတွေထဲမှာ အခုပြောနေတဲ့ လူအုပ်စုတွေက အဓိကပါနေပါတယ်။ Informal Sector အားကောင်းနေတဲ့ မြို့ကြီးတွေလည်း အများကြီးပါပဲ။ Informal Sector အားကောင်းလို့ သူတို့ရောက်လာကြတာလား၊ သူတို့ရောက်လာကြလို့ Informal Sector အားကောင်းလာတာလား ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အရပ်ဒေသအားလုံးကို လွှမ်းခြုံမိစေမယ့် အဖြေမျိုးကတော့ ရှိမှာမဟုတ်ပါဘူး။
မြို့ကြီးတစ်မြို့ထဲမှာတင် မြို့အတွင်းပိုင်းတဝိုက်က Informal Settlement တစ်ခုနဲ့ မြို့စွန်မြို့ဖျားနားက Informal Settlement တစ်ခုတို့ရဲ့ သဘောသဘာဝတွေ မတူနိုင်ပါဘူး။ သူတို့ နေဖြစ်သွားတဲ့ အကြောင်းရင်း၊ နေနေရတဲ့အကြောင်းရင်း၊ တစ်ခြားကို မရွှေ့ပြောင်းချင်တော့တဲ့ အကြောင်းရင်း (Pull Factor) တွေဟာ ကွဲလွဲနေမှာ အသေအချာပါပဲ။ ဒီတော့ကာ သူတို့အတွက် အခုဏက အိမ်ယာတွေ အကောင်အထည်ဖော်တော့မယ်ဆိုရင် အဲ့ဒီ Pull Factor တွေကိုပါ ထည့်သွင်းစဉ်းစားပေးနိုင်ရင် ပိုကောင်းတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ Affordable Housing လို့ပြောရာမှာ Affordable ဆိုတာဟာ အိမ်ဌားနိုင်မှု၊ အိမ်ဝယ်နိုင်မှုဆိုတဲ့ ငွေကြေးတစ်ခုတည်းကိုပဲ ညွှန်းဆိုချင်တာမဟုတ်လို့ပါပဲ။
သူတို့တစ်တွေလည်း ကိုယ့်လို မြို့ကြီးပြကြီးမှာ နေချင်ကြမှာပဲဆိုတဲ့ စာနာစိတ်လေးနဲ့ အားလုံးက အားလုံးအတွက် စုပေါင်းကြံဆပေးကြရမှာပါ။ ဘာအတွက်လည်းဆိုတော့ ကိုယ်စီကိုယ်စီဟာ လာမယ့်မနက်ဖြန်တွေမှာလည်း ဒီမြို့ပြမှာပဲ အားလုံးနဲ့အတူတကွ နေထိုင်သွားနိုင်ကြဖို့ အတွက်ပဲ ဖြစ်ပါတယ်။