ပျံကျ ကျူးကျော်နေထိုင်မှုတွေနဲ့ မြို့ပြရဲ့ တိုးတက်ပြောင်းလည်းမှုတွေရဲ့ ဆက်နွယ်နေမှုဟာ တတိယမြို့ပြတွေရဲ့ သင်္ကေတတစ်ခုပါပဲ။ အဲ့ဒီပျံကျတွေ ကျူးကျော်တွေကို စနစ်တကျ နေရာချထားဖို့ဆိုပြီး မြို့သစ်စီမံကိန်းတွေကို သက်ဆိုင်ရာတွေက အကောင်အထည်ဖော်ဆောင်ခဲ့ ကြပါတယ်။ ထိရောက်မှုက ကာလတိုတစ်ခုသာပါ။ ပြောင်းရွှေ့သွားကြတဲ့သူတွေအစား အသစ်ပြောင်းရွှေ့လာကြတဲ့သူတွေက နေရာယူလာကြတယ်။ တစ်ခါ ပြောင်းရွှေ့သွား ကြတဲ့သူတွေထဲကမှ တစ်ချို့သောသူတွေက ပြန်လည်ဝင်ရောက်လာကြပြန်တယ်။ အဲ့ဒီလိုနဲ့ပဲ အသစ်ပြောင်းရွှေ့လာကြသူတွေ တစ်ကျော့ပြန် ဝင်ရောက်လာသူတွေနဲ့ ပျံကျ ကျူးကျော်နေထိုင်မှု သံသရာဟာ မြို့ပြတွေမှာ အမြစ်တွယ်နေတော့တာပါပဲ။
၁၉၉၀ ခုနှစ်တုန်းက ဖနွမ်းပင်မှာပေါ့။ ဘုရားကျောင်းမြေပေါ်မှာ (၁၀)နှစ်ကြာတောင် နေထိုင်နေကြတဲ့ မိသားစု (၃၁၀)ဟာ ပြောင်းရွှေနေရာချထားခံခဲ့ကြရပါတယ်။ နေရမယ့်နေရာက ရေကြီးရေလျှံမှုကို ကာကွယ်ဖို့ဆောက်ထားတဲ့ ရေကာတမံကြီးတလျှောက်က လမ်းမဘေးပဲ ဖြစ်ပါတယ်။ နစ်နာကြေးကမရ၊ လူမှုအထောက်အပံ့တွေကမရှိ၊ အိမ်ပြန်ဆောက်စရာပစ္စည်းတွေတောင် မတတ်သာတဲ့ အခြေအနေ၊ မုတ်သုန်မိုးနဲ့ မဲခေါင်မြစ်ရဲ့ ရေကြီးရေလျှံမှုဒဏ်တွေကို ဖြစ်သလို အံတုကြရတော့မယ့်အနေအထားပါပဲ။ တစ်ပူပေါ်တစ်ပူဆင့်သလို နေရာသစ်ရဲ့ ပတ်ဝန်ကျင်မှာကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေကလည်းမရှိ၊ မြေလွတ်တွေကလည်း ဘယ်လိုမှ စိုက်လို့ပျိုးလို့မရနဲ့ဆိုတော့ကာ . . . . . . . . Michael Pacione ရဲ့ Urban Geography စာအုပ်ထဲက အဲ့ဒီအကြောင်းလေးကို ဖတ်နေရင်းနဲ့ကို အလိုလို မွန်းကြပ်လာခဲ့ပါတယ်။
ဒါပေမယ့် Paul Jones ဆိုသူ ရေးသားထားတဲ့ စာတမ်းလေးတစ်ခုကို ထပ်ဖတ်မိလိုက်တဲ့အတွက် အသက်ရှုပြန်ချောင်သွားပါတယ်။ သူက အင်ဒိုနီးရှားက ဘန်ဒေါင်းမြို့အကြောင်း လေ့လာပြီး ရေးသားထားတာပါ။ ဘန်ဒေါင်းမြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ချမှတ်ဆောင်ရွက်ခဲ့တဲ့ မူဝါဒက ရှင်းလင်းပြတ်သားတယ်လို့ဆိုရမလားပဲ။ “Building without Displacement” တဲ့ဗျ။ လက်တွေ့မှာလည်း လက်ရှိပျံကျတွေ Informal Settlement တွေကို မရွေ့စေပဲ အိမ်ယာအသစ်တွေ မြို့ပြစီမံကိန်းအသစ်တွေ တည်ဆောက်အကောင်အထည်ဖော်ခဲ့ကြ တယ်လေ။ စာရေးသူက Kampung Kebon Kembang ကိစ္စကို နမူနာယူစရာတစ်ခုအဖြစ် မီးမောင်းထိုးပြထားပါတယ်။ Kampung ဆိုတာက မြန်မာလိုဆိုရင် ရွာတို့၊ အိမ်စုအိမ်ဝေးအသိုက်အဝန်းလေးတို့လို့ အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီ Kebon Kembang ဟာ Informal Settlement တစ်ခုပါ။
လူဦးရေ (၅၅၀)နီးပါး အိမ်ထောင်စု (၁၅၄)စုဟာ အိမ်အလုံးရေ (၈၁)အိမ်မှာ စုစည်းနေထိုင်နေကြတာတဲ့။ လမ်းဘေးဈေးသည်တွေကစလို့ တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်နေသူတွေ ပြည်သူ့ဝန်ထမ်းတွေအထိ ပါဝင်ကြပါသတဲ့။ တကယ်တန်းကျတော့ အဲ့ဒီမြေနေရာဟာ တရားဝင်အားဖြင့် ဘန်ဒေါင်းမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပိုင်ဆိုင်ထားတာပါ။ အခုစီမံကိန်းအသစ်မှာ အခန်းပေါင်း (၄၇၉)ခန်းပါတဲ့ (၄)ထပ်ကနေ (၁၀)ထပ်အထိရှိတဲ့ အခန်းတွဲတိုက်တန်းတွေကို ဆောက်လုပ်ပါတယ်။ အဲ့ဒီအခန်းတွေထဲက လက်ရှိနေထိုင်နေတဲ့ သူတွေအတွက်ကဘယ်လောက်၊ စီးပွားရေးလုပ်ငန်းတွေအတွက်က ဘယ်လောက်၊ ရောင်းမယ့်အခန်း အငှားချထားမယ့်အခန်းက ဘယ်လောက်စသည်ဖြင့် အချိုးကျ ခွဲဝေသတ်မှတ်ပေးထားပါတယ်။ ဒီတော့ဟာ လက်ရှိသူတွေလည်း အခြေအနေမပျက်၊ မြို့တော်ကိုလည်း အဆင့်မြင့်နိုင်ခဲ့တာလို့ မြင်မိပါတယ်။
ဒီနေရာမှာ အပိုင်း(၁)မှာ တင်ပြခဲ့တဲ့ အဆိုတစ်ခုနဲ့ ပြန်ချိတ်ချင်ပါတယ်။ စာရေးသူက ” သူတို့တစ်တွေလည်း ကိုယ့်လို မြို့ကြီးပြကြီးမှာ နေချင်ကြမှာပဲဆိုတဲ့ စာနာစိတ်လေးနဲ့ အားလုံးက အားလုံးအတွက် စုပေါင်းကြံဆပေးကြရမှာပါ။ ” လို့ တင်ပြရေးသားခဲ့အပေါ်မှာ ငယ်သူငယ်ချင်းတစ်ယောက်က သူအနေနဲ့ လက်မခံနိုင်တာကို ဥပမာပြပြီး ပြောပြခဲ့ပါတယ်။ သူပြောချင်တာကို လက်ခံပါတယ်။ စာရေးသူအနေနဲ့လည်း တင်ပြတဲ့ဆီမှာ လိုသွားခဲ့တာကိုး။ အဓိကကတော့ သူပြောချင်တဲ့ ပျံကျ ကျုးကျော်ဆိုတာနဲ့ စာရေးသူက ကိုယ်စားပြုလိုက်မိတဲ့ ပျံကျ ကျူးကျော်တွေက အသွင်သဏ္ဍာန် အမျိုးအစား အနေအထား မတူလိုက်တာပါ။
အခုလည်း အပေါ်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာနှစ်ခုမှာ အဲ့ဒီ ပျံကျ ကျုးကျော်ဆိုတာတွေရဲ့ အနေအထား အမျိုးအစားတွေ မတူတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲ့ဒီနောက်ခံအခြေအနေတွေ အကြောင်းအရာတွေ၊ အဲ့ဒီအချိန်တုန်းက မြေပြင်မှာ ရှိနေဖြစ်နေခဲ့တဲ့ ပကတိအဖြစ်မှန်တွေကို ဂဃနဏမသိဘဲနဲ့တော့ ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ်၊ ဘယ်ပုံစံမျိုးကိုတော့ အတုယူသင့်တယ်၊ ဘယ်ပုံစံမျိုးကိုတော့ ရှောင်သင့်တယ် ဆိုတာမျိုးကို ပြောဆိုဖို့ကတော့ မဖြစ်နိုင်ဘူး မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်ဗျာ။