ပြီးခဲ့တဲ့နှစ်လလောက်က နာမည်ကြီးစင်တာတစ်ခုက အရောင်းမြှင့်တင်ရေး အရမ်းအောင်မြင်နေတဲ့ စားသောက်ဆိုင်တစ်ခုကို ရောက်ခဲ့တယ်။ တနင်္ဂနွေညလည်းဖြစ်ပြန်ဆိုတော့ ဘယ်ပြောကောင်းမလည်း စားသုံးသူတွေတရုန်းရုန်းပေါ့။ အဲ့ဒီမှာ အုံကျလာတဲ့ စားသုံးသူအများကြီးကို တစ်ပြိုင်နက်တည်း ဝန်ဆောင်မှုတွေပေးရတောမယ်လည်းဆိုရော မနိုင်မနင်းနဲ့ လွဲချော်တာတွေ စတွေ့ရတော့တာပဲ။ သူတို့အချင်းချင်းရော စားသုံးသူအချို့နဲ့ရော အငြင်းပွားတာမျိုးလေးတွေလည်း ဖြစ်လာပါတယ်။ ကိုယ်တွေတစ်ဝိုင်းတည်းတင် မဟုတ်ပါဘူး။ တစ်ခြားစားပွဲတွေမှာပါ ဖြစ်နေတယ် ဆိုတာကို ရောက်လေရာမှာ အလိုလိုစပ်စုမိသားဖြစ်နေတတ်တဲ့ ကိုယ့်ရဲ့နားနဲ့ မျက်စိတွေကြောင့် သိခဲ့ရတယ်။
ဒီတစ်ဆိုင်တည်းလားဆိုတော့ မဟုတ်ပြန်ပါဘူး။ နောက်တစ်ဆိုင်မှာ အိမ်အတွက် ဝင်ဝယ်ပြန်တော့လည်း အလားတူမျိုး ထပ်တွေ့ရပါတယ်။
တစ်ကယ်တော့ ဒီလိုဆိုင်ကြီးတွေမျိုးဆိုတာ ဝန်ဆောင်မှုပေးဖို့အတွက် သူတို့ရဲ့ဝန်ထမ်းတွေကို စနစ်တကျလေ့ကျင့်ပြီးမှ တာဝန်ပေးထားတာ ဖြစ်မှာပါ။ သို့သော် အများစုက အခုလိုမျိုး ပုံမှန်အနေအထားမဟုတ်ပဲ လူတွေအုံနဲ့ကျင်းနဲ့ကို တစ်ပြိုင်တည်း ဝန်းဆောင်မှုပေးရတော့မယ် ဆိုရင်ဖြင့် ပုံမှန်စံတွေကို မထိန်းထားနိုင်ပဲ လွတ်ထွက်သွားတတ်ကြတယ်ဆိုတာကို သဘောပေါက်မိလိုက်ပါတယ်။
ဒါမျိုးဟာ ဒီနေရာမှာမှ မဟုတ်ဘူးနော်။ လူတွေဝိုင်းပြောနေကြတဲ့ လိုင်းကားတွေကစလို့ အများပြည်သူတွေနဲ့ဆိုင်တဲ့ အခင်းအကျင်းတွေအထိပါ ဒီသဘောတရားကို တွေနေရတာပါ။ YBS စနစ်မစခင်က လေ့လာဖူးတာလေးကို ကြုံကြိုက်တုန်းမို့ ပြန်လည်ဖောက်သယ်ချလိုက်ဦးမယ်။ လိုင်းကားယာဉ်နောက်လိုက်တစ်ယောက်ဟာ ဂိတ်ရင်းကားစထွက်တဲ့ဆီကစလို့ ဂိတ်ဖျားရောက်တဲ့အထိ လမ်းတစ်လျောက်မှာ ခရီးသည်တွေ နည်းနေရာကနေ တစ်ဖြေးဖြေးများလာတဲ့ဆီမှာ၊ ကိုယ့်တစ်စီးတည်း ပုံမှန်မောင်းနေရတာကနေ လမ်းကြောင်းတူလိုင်းတွေ များလာတဲ့လမ်းပိုင်းကို ရောက်လာတဲ့ဆီမှာ စသည်ဖြင့် သူရဲ့ ခရီးသည်တွေကို ပြောဆိုဆက်ဆံပုံဟာ နုလိုက်ရင့်လိုက်နဲ့ အလိုလိုပြောင်းလဲသွားတာကို မှတ်မှတ်ရရ တွေရှိသတိထားဖူးခဲ့ပါတယ်။
သူတို့ချည်းကိုပဲ အပြစ်ပြောမနေကြပါနဲ့။ အကယ်၍ မိမိဟာ Public Sector ကပဲဖြစ်ဖြစ် Private Sector ကပဲဖြစ်ဖြစ် ဝန်ဆောင်မှုပေးနေရသူများဖြစ်ခဲ့ရင်ရော။ နေ့စဉ်လုပ်ငန်းဆောင်တာ လည်ပတ်မှုမှာ အဲ့ဒီလိုအချိန်မျိုး အဲ့ဒီလိုတုန့်ပြန်မှုမျိုးတွေကို ရှောင်လွှဲနိုင်ခဲ့ရဲ့လား။ အဲ့ဒီလိုဖြစ်နေကြတာ ဘာဖြစ်နေလို့ပါလိမ့်။ ဘာတွေလိုနေလို့ပါလိမ့်။
အဲ့ဒီလိုအချိန်မျိုးကို Peak-Period လို့ခေါ်ဆိုကြပါတယ်။ ကျွန်တော်ကတော့ အုံနဲ့ကျင်းနဲ့အချိန်အခါလို့ ပြောချင်ပါတယ်။ Peak-Period ဆိုတာက ဝယ်လိုအားတွေ စားသုံးသူတွေစသည်တို့ဟာ ယာယီအားဖြင့် မြင့်တက်လာတဲ့ အချိန်အပိုင်းအခြားဖြစ်ပြီး၊ အဲ့ဒီအချိန်တစ်ခု ကျော်လွန်သွားပြီးရင်တော့ ပုံမှန်လေးပဲ ပြန်ဖြစ်သွားပါတယ်။ အခု (၂၀၂၃) ခုမှာ စာရေးသူကိုယ်တိုင် Online Learning Platform သေးသေးလေးတစ်ခုထောင်ပြီး စာသင်တဲ့အခါ ကိုယ်တွေ့ကြုံရပြန်ပါပြီ။ တတ်သလောက်မှတ်သလောက်နဲ့ စရိတ်စကကျင်းကျင်းလုပ်ထားတဲ့ Learning Management System မို့လို့ တစ်ချိန်တည်း တစ်ခုတည်းကို access လုပ်တဲ့ traffic volume အများကြီးကို မနိုင်ပါဘူးလို့ ဘယ်လောက်ပြောပြော၊ အချိန်ကပ်တော့မှ Quiz တွေကို အလုအယက်ဖြေကြ၊ Assignment တွေ ဝိုင်းတင်ကြနဲ့ System Downtime တွေဖြစ်လာပါရောလား။ (ဒီ blog လေးတင်နေတဲ့အချိန်မှာကို လောလောလတ်လတ် တွေ့နေရတာနော်။ ဒါကြောင့်မို့လို့လည်း ဆောင်းပါးအဟောင်းလေးကို မရမက ပြန်ရှာပြီး နည်းနည်းပါပါး ထပ်ဖြည့်လို့ တင်လိုက်တာပါ။) တစ်ကိုယ်တော်လူစွမ်းကောင်းလုပ်နေတာဆိုတော့ ပုံမှန်အချိန်တွေမှာ သာသာယာယာပေမယ့် အဲ့ဒီအချိန် အခိုက်တန့်လေးကိုတော့ဖြင့် တည်ငြိမ်အောင် ဘယ်လိုမှ မထိမ်းနိုင်တော့ပါဘူး။
သို့ပေသော်လည်း နယ်ပယ်စုံမှာ လက်ခံနေကြတဲ့ Pareto ရဲ့နိယာမအရ အဖွဲ့အစည်းအများစုမှာ ပီပြင်တဲ့လုပ်ငန်းဖော်ဆောင်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လုပ်ငန်းလည်ပတ်ချိန်ရဲ့ ၂၀ ရာခိုင်နှုန်းအတွင်းမှာပဲ အကောင်အထည်ဖော်ဖြစ်ကြတာပါ။ အပေါ်မှာ ဥပမာပေးခဲ့တဲ့ စားသောက်ဆိုင်နဲ့ ကိုယ်တွေ့တွေကလည်း ဒီသဘောတရားပါပဲ။ အဲ့ဒီ စုစုပေါင်းအချိန်ရဲ့ ၂၀ရာခိုင်နှုန်းဆိုတာဟာ သူတို့အတွက် ကျွန်တော်အတွက် Peak-Period ပါပဲ။ ကိုယ့်မှာရှိတဲ့ စွမ်းအားရင်းမြစ် (Capacity)တွေဟာ ပုံမှန်အချိန်တွေအတွက်ကို အနေတော် ဒါမှမဟုတ် ပိုလျှံနေနိုင်သော်လည်း Peak-Period မှာတော့ဖြင့် မနိုင်မနင်းတွေ ဖြစ်လာပါတော့တယ်။
ခက်တာကလည်း ဘယ်တော့များ Peak-Period ဖြစ်မလဲဆိုတာကို အမြဲမှန်းဆနေလို့ မရနိုင်တာပါပဲ။ လုပ်ငန်းရဲ့ သဘောသဘာဝ အနေအထား ပြင်ပပတ်ဝန်းကျင်ရဲ့ အခြေအနေတွေအရ တစ်ချို့သောလုပ်ငန်းတွေအတွက် Peak-Period တွေက ကြိုတင်မျှော်မှန်းထားလို့ရမယ့်၊ တစ်ချို့အတွက်များကြတော့ ကြိုတင်ခန့်မှန်းတွက်ဆထားလို့ မရပြန်ဘူးလေ။ အဖွဲ့အစည်း လုပ်ငန်းတစ်ခုတည်းအတွက်တောင်မှ မျှော်မှန်းလို့ရတဲ့အချိန် (Expected Peak)နဲ့ မျှော်မှန်းလို့မရတဲ့ အချိန် (Unexpected Peak)ဆိုပြီး နှစ်မျိုးလုံးရှိနေနိုင်တာလေ။ ဒီ့အတွက် အဖွဲ့အစည်းလုပ်ငန်းဖက်ကရော ပြင်ဆင်ထားမှုရှိသလား (Prepared) ၊ မရှိဘူးလား (Unprepared) ဆိုတာနဲ့ ချိတ်ဆက်ရပါတော့မယ်။ အဖွဲ့အစည်းလုပ်ငန်းအနေကလည်း ဖြစ်လာနိုင်လိမ့်မယ်လို့ ထင်မြင်မိတဲ့ အရာအားလုံးတွေအတွက် အားလုံးကြိုပြင်ဆင်ထားပြီး အသင့်အနေအထား ရှိနေဖို့ဆိုတာ အမြဲဘယ်ဖြစ်နေနိုင်မှာလဲ။ ဒါကြောင့်မို့လို့ မတ်ထရစ် (Matrix) သဘောတရားအရ အုံနဲ့ကျင်းနဲ့အခြေအနေတွေ (Peak-Conditions)ဟာ လေးမျိုးလေးစားရှိလာပါတယ်။
အုံနဲ့ကျင်းနဲ့ဖြစ်ပေါ်လာနိုင်မှု | |||
မျှော်လင့်ထား | မမျှော်လင့်ထား | ||
အဖွဲ့အစည်းလုပ်ငန်း၏ အနေအထား | ပြင်ဆင်ထားမှုရှိ | အခြေအနေ(က) | အခြေအနေ(ခ) |
ပြင်ဆင်ထားမှုမရှိ | အခြေအနေ(ဂ) | အခြေအနေ(ဃ) |
အခြေအနေ(က) က အချိန်မှန်လေး သွားနေတာမျိုးပါ။ လွယ်ကူတဲ့ နမူနာဆိုရင် ၁၁၅-မိုင် ယာဉ်ရပ်နားစခန်းက စာသောက်ဆိုင်တွေကို မျက်စိထဲပြေးမြင်ကြည့်လိုက်ပါ။ ဘယ်အချိန်မှာ ဘယ်ကားတွေဝင်မယ်၊ ဘယ်လိုင်းက သူတို့အတွက် အထူးဧည့်သည်စသည်ဖြင့် အသင့်ရှိနေပြီးသား။ အဲ့ဒီလိုအနေအထားမျိုးကို စာစကားနဲ့ဆိုရင်တော့ “Classical Peak Management” လို့ပြောကြပါတယ်။ အဲ့ဒီအချိန်မှာ အယောက်(၅၀)လောက်ပါတဲ့ ခရီးသွားတစ်ဖွဲ့ ရုတ်တရက်ကြီး ရောက်ချလာတယ်ဆိုပါစို့။ အနေအထားက အခြေအနေ(ခ)ကို ပြောင်းသွားပါပြီ။ မျှော်လင့်မထားပေမယ့် ပြင်ဆင်ထားမှုရှိနေတော့ အခြေအနေကို ခဏအတွင်းမှာ ထိန်းထားလိုက်နိုင်တော့တာပေါ့။ အဲ့ဒါမျိုးက “Rapid Response” ပင်ဖြစ်ပါတယ်။
အခြေအနေ(က)ရော (ခ)မှာပါ အဖွဲ့အစည်းလုပ်ငန်းဖက်က ပြင်ဆင်ထားမှုတွေရှိတော့ အနေအထားတွေကို တတ်နိုင်သလောက် ဟန်မပျက်ထိန်းထားနိုင်တာပါ။ ဒါပေမယ့် အခြေအနေ(ဂ)မျိုးကတော့ မဖြစ်စေသင့်တဲ့ အခြေအနေတစ်ခုပါ။ မြန်မာလို ဝမ်းမနိုင်ပဲနဲ့ ပဲကြီးဟင်းစားတယ်လို့ ပြောရင်ရမလား မသိဘူး။ ဟုတ်တယ်လေ။ ဘာဖြစ်နိုင်တယ်ဆိုတာ သိနေပေမယ့် ပဲကြီးဟင်းကို စားလိုက်တယ်၊ ထင်တဲ့အတိုင်းဖြစ်လာတော့ ကုစားစရာ ဆေးကအသင့်ရှိမနေ။ အဲ့ဒီတော့ အခြေအနေက ဖရိုဖရဲဖြစ်ပြီပေါ့လို့။ ဒီမှာက အဲ့ဒီလိုအခြေအနေမျိုးလေးတွေ တွေ့နေရတဲ့ သဘောရှိပါတယ်။ ဒီလိုမျိုးအခြေအနေကို “Unexpected Christmas” state ဆိုပြီးတော့ ခေါ်ဆိုကြောင်းကို စာတမ်းငယ်တစ်စောင်မှာ ဖတ်ရှုဖူးပါတယ်။
နောက်ဆုံးအခြေအနေ(ဃ)။ ဘာတွေဖြစ်လာနိုင်မယ်ဆိုတာကို မှန်းဆလို့မှ မရနိုင်တာ၊ အဲ့ဒီအတွက် ပြင်ဆင်ထားမှု ဘာမှမရှိတာ မဆန်းပါဘူး။ အပြစ်ထိုင်ပြောနေလို့လည်း မရပါဘူး။ အိမ်ကထွက်လာတော့ နေကသာလို့၊ မှတ်တိုင်မှာ ကားစောင့်နေတုန်း ဗြုန်းဆို မိုးရွာချပါရော၊ ထီးကမပါ အိတ်တစ်ဖက်နဲ့၊ လိုင်းကပဲဆက်စောင့်ရမလား၊ အငှားကားနဲ့ပဲသွားရမလား အမြန်ဆုံးဖြတ်ရတော့မယ်။ လိုင်းကားဆက်စောင့်ရင် မိုးပက်တာကိုတော့ ခံရမယ်၊ ခရီးစာရိတ်သက်သာမယ်။ ကားငှားလိုက်ရင် အေးရာအေးကြောင်းတော့ သွားနိုင်မယ်၊ ခရီးစာရိတ် အဆများစွာ ပိုကုန်သွားမယ်။ ဘယ်ဟာကို ရွေးမလဲပေါ့။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ အခွင့်အရေး (Opportunity)ရယ်၊ အရဲစွန့်မှု (risk)ရယ် နှစ်ဖက်လွန်ဆွဲပြီပေါ့။ အဲ့ဒါကြောင့်မို့ ဒီလိုအခြေအနေမျိုးကိုတော့ဖြင့် “Opportunity/Crisis Management” ရယ်လို့ ခေါ်ပါသတဲ့။
ကျွန်တော်တို့တစ်တွေဟာ ကိုယ်ရေးကိုယ်တာနဲ့ မိသားစုအရေးကိစ္စတွေမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းကိုင်တာနဲ့ အများသူငှာပူးပေါင်းဆောင်ရွက်ကြရာမှာပဲဖြစ်ဖြစ် ဒီလိုအချိန်အခါ အနေအထားမျိုးကို မလွှဲမရှောင်သာ အနည်းနဲ့အများ တွေကြုံဖြတ်သန်းဖူးကြပါလိမ့်မယ်။ မလွှဲမရှောင်သာလို့ တစ်ခါတစ်ရံဆိုရင်ရင်တော့ သိပ်အကြောင်းမဟုတ်ပါဘူး။ သို့သော် ကြိမ်ဖန်များလာရင်တော့ မလွှဲမရှောင်သာပါလို့ ပြောလို့မဖြစ်နိုင်တော့ပါဘူး။
ကျွန်တော့ရဲ့ ကိုယ်ပိုင်ယူဆမှုကတော့ တွေ့ဖူးခဲ့တာတွေကို နမူနာယူပြီး အခြေအနေ(က)ကို အမြဲအသင့်မဖြစ်နိုင်တာတောင်မှ အခြေအနေ(ဂ)ကိုတော့ ရှောင်ရှားနိုင်အောင် တတ်နိုင်သလောက် စီမံထားသင့်တယ် ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်ဆိုရင် အခု Learning Platform မှာ ကြုံတွေ့နေရတာကက အခြေအနေ (ဃ) ပါ။ ဒီလိုမျိုးကို နောက် (၃) လကြာရင် ထပ်တွေ့ရဖို့ ရှိပါတယ်။ အဲ့ဒီကျရင် အခြေအနေ(ဃ)ရယ်လို့ ပြောလိုမရတော့ဘူး။ သေချာပြင်ဆင်ဖြည့်ဆည်းထားပြီး အခြေအနေ(က) ကို စောင့်ကြိုနေရမလား၊ ခဏတာပါပဲကွာ ဖြစ်လေ့ဖြစ်ထနည်းပါတယ်ဆိုပြီး အခြေအနေ (ဂ) အနေနဲ့ပဲ မီးစင်ကြည့်ကရမလားဆိုတာကို ဆုံးဖြတ်ဖို့ စဉ်းစားနေရပါပြီ။
မျှော်မှန်းထားတာကတော့ ကျွန်တော်ရဲ့ ဝန်ဆောင်မှုစံတွေနဲ့ ကျွန်တော့်အဖွဲ့အစည်းရဲ့ လုပ်ငန်းလည်ပတ်ဝန်ဆောင်မှုစံတွေသည် အဲ့ဒီအချိန်ကာလတိုလေးအတွင်းမှာ ပုံမှန်ကနေ အများကြီး သွေဖီယိမ်းယိုင်မသွားစေဖို့ပဲ ဖြစ်ပါတော့တယ်။
(ကိုယ်တိုင်လေ့လာစူးစမ်းမှု (observation) တစ်ချို့နှင့် B.Ronen, A. Coman and E. Schragenheim တို့၏ “Peak Management” paper ကိုမှီငြမ်းကာ လွန်ခဲ့သော ၇ နှစ်ခန့်က ရေးသားထားခဲ့သော ဂျာနယ်ဆောင်းပါးတစ်ပုဒ်ကို အနည်းငယ်ပြင်ဆင်ပြီး ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။)