ရန်ကင်း(၅)ရပ်ကွက်၏ နယ်နိမိတ်အား အကြမ်းဖျဉ်းသတ်မှတ်ရလျှင် စက်မှု(၁)လမ်းတလျှောက် အရှေ့တောင်မှ အနောက်မြောက်အတိုင်း မျက်နှာစာဖွင့်ဖြင့်၊ အရှေ့ဘက်တွင် ဂျိုးဖြူပိုက်လိုင်းအတိုင်းနှင့် မြောက်ဘက်တွင် ပညာဝတီလမ်းအတိုင်းဖြစ်သည်။ ရပ်ကွက်သည် တြိဂံပုံသဏ္ဍာန်ဆန်ဆန် တည်ရှိနေသည်။ ယခုလေ့လာမှုတွင် ရပ်ကွက်ကို လေ့လာမှုဇုန် (၅)ဇုန်ခွဲပြီး လေ့လာသွားမည်ဖြစ်သည်။ ထိုဇုန်(၅)ဇုန်ကို ၂၀၀၃ခုနှစ် နိုဝင်ဘာလရှိ မြေပြင်အနေအထားပေါ် မူတည်ပြီး အလွတ်သဘော သတ်မှတ်ရေးဆွဲထားသည်။ (ပုံ-၁ တွင် ကြည့်ရှုနိုင်ပါသည်။)
ဇုန်(၁)ထဲတွင် အဓိကအားဖြင့် ပုဂ္ဂလိကအဆောက်အအုံများ ပါဝင်ပြီး ရပ်ကွက်၏ (၂၇.၇၁%)ခန့် အကျယ်အဝန်းရှိသည်။ ဇုန်(၅)သည် ဗဟိုဘဏ်ဝင်း သီးသန့်ဖြစ်ပြီး ရပ်ကွက်၏ (၁၆.၇၁%)ခန့်ရှိသည်။ ဇုန်(၂)နှင့် ဇုန်(၃)တို့တွင် ရန်ကင်းတိုက်ခန်းအများစုပါဝင်ပြီး ရပ်ကွက်ဧရိယာ၏ (၂၀.၆၈%)ခန့်နှင့် (၁၈.၄၉%)ခန့်စီ ရှိကြသည်။ ဇုန်(၄)ထဲတွင် ထိုအချိန်က ဟင်းသီးဟင်းရွက်စိုက်ခင်းများ အများဆုံးပါဝင်ပြီး ရပ်ကွက်၏ (၁၆.၄၂%)ခန့် ကျယ်ဝန်းသည်။
ယခုလေ့လာမှုတွင် မြေယာလွှမ်းခြုံမှု (Land Cover) အမျိုးအစားများကို မြေလွတ်နေရာများ (Open Space) ၊ အပင်များ ပေါက်ရောက်နေသည့်/ဖုံးအုပ်ထားသည့် နေရာများ (Vegetation Cover) နှင့် မြို့ပြအဆောက်အအုံများ ထီတည်းတည်ရှိနေသည့်နေရာများ (Infrastructure) ဟူ၍ (၃)မျိုးခွဲပြီး လေ့လာထားသည်။ Open Space ဆိုသည်မှာ မြေကြီးနေရာအလွတ်များနှင့် စိုက်ခင်းနေရာများကို ခေါ်ဆိုလိုသည်။ Infrastructure ဆိုသည်မှာ ကောင်ကင်မှ ငုံ့ကြည့်လိုက်ပါက ရှင်းလင်းပြတ်သားစွာ မြင်ရသည့် အဆောက်အဦးများ၊ လမ်းများ၊ ကွန်ကရစ်ခင်းထားသည့်နေရာများ ဖြစ်ကြပါသည်။
Vegetation Cover ဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်မူ အနည်းငယ် ရှုပ်ထွေးမှု ရှိနိုင်သည်။ အပင်ကြီးများ အုပ်ဖွဲ့ပေါက်ရောက်နေသောနေရာများသာမက မြက်ပင်နှင့် အခြားအပင်ငယ်များ ပေါက်ရောက်နေသော နေရာများ ပါဝင်သည်။ စိုက်ခင်းထဲမှ အစိမ်းရောင်ရှိသော စိုက်ပျိုးပင်အစုအဝေးများသည်လည်း ဤအုပ်စုထဲတွင် ပါဝင်သည်။ မြေပြင်တွင် တိုက်တာအဆောက်အဦးတစ်လုံးဖြစ်သော်လည်း၊ ထိုအဆောက်အဦးကို အပင်ရွက်အုပ်တို့ဖြင့် အုပ်မိုးနေလျှင်လည်း ဤအုပ်စုထဲတွင် ပါဝင်သွားပြန်သည်။ အဘယ်ကြောင့်ဆိုသော် အပေါ်ဆီးမှ အောက်ကိုငုံ့ကြည့်ပါက ရွက်အုပ်များကိုသာ တွေ့ရသောကြောင့်ဖြစ်သည်။ ထို့အပြင် တစ်ချို့သော ဂြိုလ်တုဓာတ်ပုံများအား သရုပ်ခွဲတွက်ချက်ရာတွင် ပင်အုပ်များနှင့် နေရောင်းထိုး၍ ကျနေသော တိုက်တာအရိပ်များကို မခွဲခြားနိုင်သည့် အားနည်းချက်လည်း ရှိခဲ့သည်။ သို့ဖြစ်၍ ယခုလေ့လာမှုတွင် Vegetation Cover အဖြစ် တွေ့ရသော်လည်း မြေပြင်တွင် အပင်များ အမှန်တကယ်မရှိသော နေရာများ ရှိနေနိုင်သည်ကို သတိချပ်စေလိုသည်။
ပုံ(၂) နှင့် ပုံ(၃) တို့တွင် ၂၀၁၃ နိုဝင်ဘာလ၌ ရိုက်ယူထားသော ဂြိုလ်တုဓာတ်ပုံနှင့် ၎င်းဓာတ်ပုံအား သရုပ်ခွဲတွက်ချက်ထားသော Land Cover ပုံကို ဖော်ပြထားသည်။ ဤသရုပ်ခွဲတွက်ချက်မှုရလဒ်အရ Open Space သည် (၃၄%)ခန့်၊ Vegetation Cover သည် (၃၆%)ခန့်နှင့် Infrastructure သည် (၃၀%)ခန့်ရှိခဲ့ကြောင်း ခန့်မှန်းနိုင်ပါသည်။ Infrastructure အများစုသည် ဇုန်(၁)၊ (၃)နှင့် (၅)တို့ထဲတွင် အများစုတည်ရှိနေကြသည်။ ဇုန်(၄)ထဲတွင် Open Space ပါဝင်မှုအများဆုံး အနေအထားဖြစ်သည်။ Vegetation Cover အခြေအနေသည် ဇုန်(၁)၊ (၂)နှင့် (၃)တို့ထဲတွင် ပျံ့နှံ့တည်ရှိနေသည်ကိုလည်း ခန့်မှန်းနိုင်ပါသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာရှိတဲ့ ရပ်ကွက်ရဲ့ မြေမြင်အနေအထားများကို ပုံ(၄) နှင့် ပုံ(၅) ပါ ကောင်းကင်ဂြိုလ်တုဓာတ်ပုံနှင့် သရုပ်ခွဲတွက်ချက်ထားတဲ့ပုံတွေကနေ လေ့လာနိုင်သည်။
အဆိုပါကာလတွင် Open Space သည် (၃၀%)ခန့်၊ Vegetation Cover သည် (၃၆%)ခန့်နှင့် Infrastructure သည် (၃၄%)ခန့်ရှိခဲ့ကြောင်း ခန့်မှန်းနိုင်သည်။ သို့ဖြစ်ရာ Open Space သည် (၁၁%)ခန့် လျော့နည်းသွားပြီး၊ Infrastructure သည် (၁၂%)ဝန်းကျင် တိုးလာသည်ကို တွေ့ရှိရသည်။
ပုံ(၆) တွင် ထို Infrastructure တိုးလာသော နေရာများအား တွက်ထုတ်ထားသည့် ရလဒ်ပုံကို လေ့လာနိုင်သည်။ ဇုန်(၄)အတွင်းတွင် Infrastructure များ သိသာစွာ အသစ်ပေါ်ထွက်လာသည်ကို တွေ့ရှိရပါသည်။ ဤတွက်ချက်ရရှိမှုသည် မြေပြင်၌ ပြောင်းလဲခဲ့မှုများ၏ (၈၅%)ခန့်မှ (၉၀%)အထိသာ မှန်ကန်နိုင်သည်ကို သတိချပ်စေလိုသည်။ တစ်ချို့နေရာများအတွက် တွေ့ရှိမှုသည် အဆောက်အအုံအသစ်များ တကယ်ပေါ်ထွက်လာသည် မဟုတ်ဘဲ၊ ဂြိုလ်တုဓာတ်ပုံရိုက်ကူးချိန် အနေအထား မတူညီမှု၊ တွက်ချက်မှုလုပ်ငန်းစဉ်အဆင့်အဆင့်တွင် ချွတ်ချော်နိုင်မှုတို့ကြောင့် လွဲချော်မှုအနည်းငယ် ရှိနိုင်သည်။ ဤသည်ကို နည်းပညာပိုင်းရင်းနှီးသူများက သိရှိပါလိမ့်မည်။ ပုံပါ ဇုန်(၄)အတွင်း သိသာထင်ရှာစွာ အသစ်တည်ရှိလာသော Infrastructure ဧရိယာသည် ရွှေအုန်းပင်အိမ်ယာ(၁)၏ ပထမအဆင့် အဆောက်အဦးများဖြစ်သည်။
နောက်(၃)နှစ်အကြာ ၂၀၁၀ နိုဝင်ဘာလ ဂြိုလ်တုဓာတ်ပုံကို သရုပ်ခွဲတွက်ချက်ကြည့်ရာတွင် မြေပြင်အနေအထား ပြောင်းလဲနှုန်းမှာ (၂၀၀၃ – ၂၀၀၇) ကာလ ပြောင်းလဲမှုနှုန်းထက် များပြားသည်ကို တွေ့ရှိရသည်။ ထိုကာလတွင် Open Space သည် (၁၇%)ခန့်၊ Vegetation Cover သည် (၃၃%)ခန့်နှင့် Infrastructure သည် (၅၀%)ခန့်ရှိခဲ့ကြောင်း ခန့်မှန်းနိုင်သည်။ Open Space လျော့ကျသွားမှုမှာ (၄၄%) ခန့်ရှိပြီး၊ Infrastructure တိုးနှုန်းမှာ (၄၉%)ခန့် ရှိနိုင်ကြောင်း ခန့်မှန်းနိုင်သည်။ ၎င်းအခြေအနေကို ပုံ(၇) နှင့် ပုံ(၈) တို့တွင် လေ့လာနိုင်ပါသည်။ Open Space နှင့် Vegetation Cover အကွင်းအကွက်များသည် ဇုန်(၁)၊ (၂)နှင့် (၃)တို့တွင် ဆက်ရှိနေကြောင်း တွေ့ရသည်။
၂၀၀၇ – ၂၀၁၀ အတွင်း Infrastructure တိုးလာသော နေရာများကို ပုံ(၉) တွင် လေ့လာနိုင်သည်။ ဤပုံတွင်ပါရှိသော အနီရောင်နေရာများသည် မူလက Open Space များဖြစ်ပြီး၊ အညိုရောင်နေရာများသည် မူလက Vegetation Cover များဖြစ်သည်။ သို့ဖြစ်၍ ဇုန်(၄)မှလွဲ၍ ကျန်ဇုန်(၄)ဇုန်အတွင်းတွင် Infrastructure အသစ်များဖြစ်နိုင်သကဲ့သို့ ပင်အုပ်ဖုံးလွှမ်းမှုပါးသွားပြီး Infrastructure များ ပေါ်လာသည်များလည်း ဖြစ်နိုင်ပါသည်။ ရွှေအုန်းပင်အိမ်ယာ(၁)နှင့်(၂)တို့ ပေါ်ထွက်လာသောကြောင့် ဇုန်(၄)၏ မြေယာအသုံးချမှုသည် (၂၀၁၀)အကုန်တွင် လုံးဝပြောင်းလဲသွားပြီဟု ကောက်ချက်ချနိုင်သည်။ ဇုန်(၃)ထဲတွင်လည်း တိုက်တာအသစ်များ ထပ်မံပေါ်ထွက်လာသည်။
၂၀၁၃ခုနှစ်သို့အရောက်တွင် ဇုန်(၂)နှင့် ဇုန်(၃)တို့တွင်ပါ မြေယာအသုံးချမှုများ သိသာစွာ ပြောင်းလဲသွားသည်ကို ပုံ(၁၀) ၊ ပုံ(၁၁) နှင့် ပုံ(၁၂) တို့အရ သိရှိနိုင်သည်။ ၎င်းပုံများသည် ၂၀၁၃ နိုဝင်ဘာလ၏ ကောင်ကင်ဂြိုလ်တုဓာတ်ပုံပင်ဖြစ်သည်။ ၎င်းဂြိုလ်တုဓာတ်ပုံအား သရုပ်ခွဲတွက်ချက်မှုအရ Open Space သည် (၁၅%)ခန့်၊ Vegetation Cover သည် (၃၁%)ခန့်နှင့် Infrastructure သည် (၅၄%)ခန့်ရှိခဲ့ကြောင်း ခန့်မှန်းနိုင်သည်။ ၂၀၁၀ နှင့် ၂၀၁၃ ခုနှစ်အကြားတွင် Open Space လျော့ကျသွားမှုမှာ (၁၃%) ခန့်နှင့် Vegetation Cover လျော့ကျသွားမှုမှာ (၅%)ခန့်စီ အသီးအသီးရှိကြပြီး၊ Infrastructure တိုးနှုန်းမှာ (၈%)ခန့် ရှိနိုင်ကြောင်း ခန့်မှန်းနိုင်သည်။
ပုံ(၁၂) ပါ အနီရောင်နေရာများအားလုံးသည် အသစ်ထွက်ပေါ်လာသော မြို့ပြအဆောက်အအုံများဟု ယူဆ၍မရနိုင်ပါ။ သိသာထင်ရှားသည့် အရွယ်ပမာဏ ဧရိယာတစ်ခုစာ ဖြစ်ပေါ်နေသော နေရာများကိုသာ သတ်မှတ်ယူဆနိုင်ပေမည်။ ထိုနေရာတို့ကို ဇုန်(၂)နှင့် ဇုန်(၃)တို့တွင် တွေမြင်ရပြီး၊ ၎င်းနေရာများသည် ရန်ငြိမ်းအိမ်ရာနှင့် ရန်အေးအိမ်ရာများပင်ဖြစ်သည်။ ဇုန်(၁)ထဲတွင်လည်း အဆောက်အဦးအသစ်အချို့ ထပ်ရှိလာခဲ့သည်ဟုလည်း သုံးသတ်နိုင်သည်။ ထို့အတူ ဇုန်(၁)နှင့် (၂)တို့ထဲတွင်ပင် Open Space များ ထပ်မံပေါ်ထွက်လာသည်ကို တွေ့ရသည်။ ပုံတွင် အဝါရောင်ဖြင့် ဖော်ပြထားသော နေရာများ ဖြစ်ကြသည်။ အဆောက်အဦးအသစ်ဆောက်လုပ်ရန် မြေယာရှင်းထားခြင်းနှင့် အဆောက်အဦးအဟောင်းကို ဖြိုဖျက်ထားခြင်းဖြစ်ကြောင်းကို ပုံ(၈) နှင့် ပုံ(၁၁) တို့ကို နှိုင်းယှဉ်လေ့လာကြည့်လျှင် သိနိုင်သည်။
နောက်(၂)နှစ်အကြာ ၂၀၁၅ နိုဝင်ဘာလသို့အရောက်တွင် ထင်ရှားသော အပြောင်းအလဲများ ထပ်ရှိလာသည်။ ထိုပြောင်းလဲမှုများမှာ ဇုန်(၁)တွင် ဆီဒိုးနားဟိုတယ်၏ အဆောက်အဦးအသစ် ပေါ်ထွက်လာခြင်း၊ ဇုန်(၂)တွင် အိမ်ယာစီမံကိန်းအသစ်(၁)ခု ဆောက်လုပ်လျှက်ရှိနေခြင်းနှင့် အခြားအိမ်ယာစီမံကိန်းတစ်ခု စတင်လာခြင်းတို့ ဖြစ်ကြသည်။ ထိုအဆောက်အဦးများသည် High-Rise Building များဖြစ်ကြသည်။ ပုံ(၁၃) နှင့် ပုံ(၁၄) တို့အရ မြေပြင်အပြန့်အလိုက် (Horizontal Scale) အရ သိသိသာသာ မပြောင်းလဲသော်လည်း ဒေါင်လိုက် (Vertical Scale) အရ သိသာသော ပြောင်းလဲမှုပင်ဖြစ်သည်။
ထိုကာလတွင် Open Space သည် (၈%)ခန့်၊ Vegetation Cover သည် (၃၃%)ခန့်နှင့် Infrastructure သည် (၅၉%)ခန့်ရှိခဲ့ကြောင်း ခန့်မှန်းနိုင်သည်။
၂၀၁၃ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက Open Space လျော့ကျသွားမှုမှာ (၄၉%) ခန့်ရှိသည်။ Vegetation Cover သည် (၇%)တိုးလာပြီး၊ Infrastructure သည် (၉%)တိုးလာသည်ဟု ခန့်မှန်းနိုင်သည်။ Infrastructure တိုးနှုန်းက ရှင်းသော်လည်း Vegetation Cover တိုးမှုကမူ အပြည့်အဝမှန်ကန်သည်ဟု မပြောနိုင်ပါ။ ပုံ(၁၅) ကို ကြည့်ရှုလေ့လာလိုက်ပါက အဖြေတချို့ကို တွေ့ပါလိမ့်မည်။
ပုံတွင် အနီရောင်နှင့် နီညိုရောင်နေရာများသည် Open Space နှင့် Vegetation Cover များမှ Infrastructure သို့ပြောင်းလဲသွားခြင်းဖြစ်သည်။ အစိမ်းရင့်ရောင်သည် Infrastructure မှ Vegetation Cover သို့ပြောင်းလဲသွားသည့် နေရာများဖြစ်သည်။ ဆိုလိုသည်က အဆောက်အဦးများအား ဖြိုဖျက်ချလိုက်သော နေရာများဖြစ်သည်။ သို့သော် ယခုသရုပ်ခွဲတွက်ချက်မှုတွင် ဇုန်(၁)အတွက်သာ အပြည့်အဝမှန်ကန်နိုင်သည်။
၂၀၁၈ နိုဝင်ဘာလအကုန်ပိုင်းသို့ အရောက်တွင် Infrastructure များက ထည်းတည်းနေရာယူသွားသည်ကို ပုံ(၁၆) နှင့် ပုံ(၁၇) တို့တွင် ထင်ရှားစွာတွေ့နိုင်သည်။ Open Space သည် (၁%)ခန့်၊ Vegetation Cover သည် (၃၂%)ခန့်နှင့် Infrastructure သည် (၆၇%)ခန့်ရှိခဲ့ကြောင်း ခန့်မှန်းနိုင်သည်။ ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် Open Space လျော့ကျသွားမှုနှုန်းမှာ (၈၈%) ခန့်ရှိပြီး Vegetation Cover လျော့ကျသွားမှုမှာမူ (၂%)ခန့်သာ အသီးအသီးရှိကြပြီး၊ Infrastructure တိုးနှုန်းမှာ (၁၃%)ခန့် ရှိနိုင်ကြောင်း ခန့်မှန်းနိုင်သည်။
ထိုသို့ Open Space များ သိသိသာသာလျော့ကျသွားသည့်နေရာများကို ဇုန်အလိုက်လေ့လာကြည့်နိုင်ရန် တွက်ချက်ထားသည့်ရလဒ်များကို ပုံ(၁၈) တွင် ဖော်ပြပေးထားသည်။
Open Space မှ Infrastructure အဖြစ် ပြောင်းလဲသွားသော နေရာများကို အနီရောင်ဖြင့်လည်းကောင်း၊ Vegetation Cover အဖြစ်ပြောင်းလဲသွားသော နေရာများကို အစိမ်းရင့်ရောင်အဖြစ်လည်းကောင်း ဖော်ပြပေးထားသည်။ ဇုန် (၅) တွင်သာ သိသာထင်ရှားသော အဆောက်အဦးအသစ် ပေါ်ထွက်လာသည်ဟု ခန့်မှန်းနိုင်သည်။ ကျန်ဇုန်များတွင် ဧရိယာပမာဏ အနည်းငယ်စီမျှသာ ပြောင်းလဲသွားကြောင်း တွေ့ရှိရသည်။
ယခုလေ့လာဆန်းစစ်ခဲ့သော ကာလများဖြစ်သည့် ၂၀၀၃၊ ၂၀၀၇၊ ၂၀၁၀၊ ၂၀၁၃၊ ၂၀၁၅ နှင့် ၂၀၁၈ နှစ်များအလိုက် အဓိကထားလေ့လာသည့် Land Cover (၃)မျိုးတို့ အချိန်ကာလတလျှောက် ပြောင်းလဲမှုနှုန်းများကို ပုံ(၁၉) ပါ ဂရပ်တွင် ဖော်ပြပေးထားသည်။ ထိုနှုန်းထားအရဆိုပါက မြေသားလွန်နေရာများ တစစလျော့နည်လာခဲ့ပြီး မြို့ပြအဆောက်အအုံများ တစစပိုများလာသော်လည်း၊ အစိမ်းရောင်အပင်များ အုပ်မိုးနေမှုနှင့် ပေါက်ရောက်နေမှုမှာ အနည်းငယ်မျှသာ လျော့နည်းသွားသည်ဟု သုံးသတ်မိသည်။
ဤလေ့လာဆန်းစစ်မှု၏ ပထမဆုံးအချိန်ကာလဖြစ်သော ၂၀၀၃ ခုနှစ်နှင့် နောက်(၁၅)နှစ်အကြာ ၂၀၁၈ ခုနှစ်အကြား ဇုန်တစ်ခုချင်းစီအလိုက် Land Cover အမျိုးအစား(၃)ခု ပြောင်းလဲသွာမှုများကို ပုံ(၂၀) ပါ သရုပ်ခွဲမြေပုံတွင်လည်းကောင်း၊ ၎င်းအမျိုးအစားများ ပါဝင်မှုအချိုးအစားများနှင့် အဆိုပါနှစ်(၂)နှစ် နှိုင်းယှဉ်မှုကို ပုံ(၂၁) ပါ ကားချပ်တွင်လည်းကောင်း ဖော်ပြပေးထားသည်။ စာဖတ်သူကိုယ်တိုင် မည်သည့်နေရာတွင် မည့်သို့မည်ပုံ မည်မျှပြောင်းလဲသွားခဲ့သည်ကို လေ့လာနိုင်မည်ဖြစ်သည်။
(ဤ post တွင် ဖော်ပြထားသော အကြောင်းအရာများသည် စာရေးသူ၏ အလွတ်တန်း လေ့လာမှု တစ်ခုသာဖြစ်ပါသည်။ နည်းပညာရပ်ပိုင်းအားနည်းမှုနှင့် တွက်ချက်မှုလုပ်ငန်းစဉ် လွဲချော်မှုများ ရှိကောင်းရှိနိုင်သောကြောင့် ရရှိလာသော ကိန်းဂဏန်းတန်ဖိုးများသည်လည်း အပြည့်အဝ မှန်ကန်ချင်မှ မှန်ကန်ပါလိမ့်မည်။ သို့သော် လေ့လာမှုပြုထားသည့် နေရာဒေသ၏ (၁၅)နှစ်အတွင်း မြို့ပြပုံသဏ္ဍာန်အဆင့်ဆင့် ပြောင်းလဲလာမှုပုံစံအား လေ့လာနိုင်ပြီး၊ရှေ့လာမည့် မြို့ပြဖွံ့ဖြိုးမှုရေးရာများအတွက် တစ်စုံတစ်ခု အသုံးတည့်လိမ့်မည်ဟု ယူဆပါသည်။ ဤဖော်ပြချက်များကို လွတ်လပ်စွာကိုးကားနိုင်သော်လည်း ကိန်းဂဏန်းများ၏တိကျမှုနှင့် နောက်ဆက်တွဲကိစ္စများသည် မူလလေ့လာဆန်းစစ်ရေးသားသူ၏ တာဝန်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။)
Related Courses
In figure 6, as mentioned above the land-use show infrastructure cover in map however it has only accuracy of 85%to 90%. The question is, Does the accuracy depend on baseline data availability? How much percentage should be consider as accurate land-use cover as real ground condition?
(1) The accuracy of a classification image depends on the resolution of original image, classification method used, and repetition of justification and modification process.
(2)Normally, it is acceptable range of 85% accuracy for this study. But we need to describe this value for normal readers.
Thank you.