ရေရှည်တည်တံ့စေသောဖွံ့ဖြိုးမှုအယူအဆ သဘောတရားတွေကို လေ့လာမိချိန်မှစ၍ ထို(၃)ချက်ဘုံဆိုင်ဆိုသည့် သဘောတရားကို အတော်ပင်စိတ်ဝင်စားခဲ့မိသည်။ အကြောင်းတိုက်ဆိုင်လာတိုင်းလည်း ထို(၃)ချက်ဆိုင်သဘောတရားကို အသုံးချမိခဲ့သည်။ အသုံးတည့်သည်၊ အသုံးဝင်သည်။ ထို့အတူ အကျိုးလည်းရှိကြောင်းကို သတိထားမိ ပိုမိုသိရှိလာခဲ့သည်။
တစ်ခုခုလုပ်တော့မည်၊ ဘာကိုလုပ်မည်ကို ဆုံးဖြတ်ချက်ချရတော့မည်ဆိုလျှင် ပထမအချက်အနေဖြင့် ဘာတွေလုပ်ချင်သည်ကို ချရေးသည်။ ပြီးတော့ ဒုတိယအချက်အဖြင့် ဘာတွေလုပ်သင့်သည်ကို စဉ်းစားချင့်ချိန်ကြည့်သည်။ သူက နည်းနည်းပိုအရေးကြီးသလိုရှိသည်။ နောက်ဆုံးတတိယအချက် အရှိကိုအရှိအတိုင်း မညာစတမ်း သိနေဖို့လိုသည်၊ ဘာလုပ်နိုင်သည်ကို သဘောပေါက်လက်ခံထားဖို့ဖြစ်သည်။ ဆိုလိုသည်က လုပ်ချင်နေတာတွေထဲက လုပ်သင့်တာတွေကိုဆွဲကာထုတ်၊ အဲ့ဒီထဲက လုပ်နိုင်တာတွေကို စကာလုပ် ဦးစားပေးလုပ် ဒီသဘောမျိုးဖြစ်ပါသည်။
ဒီသဘောတရားလေးက ရိုးရှင်းသလောက် နက်နဲသည့်အသွင်မျိုးလည်း ရှိတတ်ပေသည်။ တချို့သော အကြောင်းအရာများ၊ အခင်းအကျင်းများတွင် ထို(၃)ချက်သည် တစ်စုံတစ်ယောက် အဖွဲ့အစည်းတစ်ခုတည်းဆီမှ ဖြာထွက်လာသည်မျိုး မဟုတ်ဘဲ၊ မတူညီသော အသွင်သဏ္ဍာန်ရှိသည့် သီးခြားရင်းမြစ်(၃)ခုဆီမှ သီးခြားစီ ထွက်ပေါ်လာတတ်ပါသည်။ လုပ်ပေးစေချင်သည်များကို ဆန္ဒပြုနေကြသူများက တစ်ဖွဲ့၊ လုပ်ပေးသင့်သည်များကို အကြံပြုနေကြသူများက နောက်ထပ်တစ်ဖွဲ့၊ လုပ်ပေးနိုင်သည်များကို အဆိုပြုနေကြသူများက သပ်သပ်တစ်ဖွဲ့။ ထို(၃)ဖွဲ့ ချက်(၃)ချက်ထဲကာမှ (၃)ချက်ဆိုင် ဘုံတူသည်များကို တွေ့အောင်ရှာ၊ ဘုံတူဆိုင်လာအောင် ညှိနှိုင်းအဖြေရှာ၊ ပြီးကာမှ အကောင်အထည်ဖော်ဆောင်သင့်ကြသည်။ တချို့သောစီးပွားရေးအဖွဲ့အစည်းများအတွက် လူမှုတာဝန်ယူမှုအစီအစဉ်များ ရေးဆွဲပေးရာတွင် ဤသဘောတရားကိုအခြေခံထား၍ စဉ်းစားညှိနှိုင်းခဲ့ရာတွင် ထိရောက်မှုတွေ ရှိခဲ့ဖူးပါသည်။ လူထုအခြေပြု ရပ်ရွာဖွံ့ဖြိုးမှု စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်းရေးအတွက် ပံ့ပိုးပေးနိုင်ရန် အဖွဲ့တစ်ခုနှင့် လွန်ခဲ့သည့် (၄)နှစ်လောက်က တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်ကို အမှတ်ရမိသည်။ ဘယ်မှာ ဘာလုပ်ကြမှာလဲ။ ဘယ်မှာဆိုတာက ပထမတစ်ပိုင်းသတ်သတ်၊ ဘာလုပ်ကြမှာလဲ ဆိုတာကို ဆွေးနွေးကြတော့ ထို(၃)ချက်ဘုံဆိုင် သဘောတရားကို အခြေပြုဆွေးနွေးဖြစ်ကြသည်။ ဘယ်မှာဆိုသည့်နေရာကို သေချာရွေးချယ်သတ်မှတ်ပြီးပြီဆိုလျှင် ထိုနေရာမှ ဒေသခံတို့၏ အသံကိုနားထောင်သင့်သည်။ သူတို့လုပ်ပေးစေချင်သည့် ဖြစ်ချင်နေသည့် ဆန္ဒတွေကို အလေးထားပေးသင့်သည်။ ကိုယ့်ဖက်ကလည်း လုပ်ချင်နေတာ ဖြစ်ချင်နေတာတွေ ရှိနေမည်ဖြစ်သော်လည်း အလွန်အမင်းရှေ့တန်းမတင်သင့်သေးပေ။
ပြီးတော့ အဲ့ဒီဒေသမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေ လူထူအခြေပြုအဖွဲ့အစည်းတွေ၊ ကိုယ်တွေထက် စောရောက်နေကြပြီး ပံ့ပိုးကူညီမှုတွေလုပ်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ တွေးဆုံဆွေးနွေးကာ အကြံဉာဏ်တွေ ရယူသင့်သည်။ အတွေ့အကြုံ အခက်အခဲတွေကို လေ့လာသင့်သည်။ သူတို့တွေဆီက အချက်အလက်စာရင်းဇယားတွေတောင်းခံပြီး လေ့လာဆန်းစစ်သင့်သည်။ သူတို့တွေဆီကနေ ဘာတွေတော့ ဖြစ်သင့်သည် လုပ်ပေးသင့်သည်ဆိုသည်ကို ကြားနိုင်သည်။ အဲ့ဒီဒေသ အဲ့ဒီက လူမှုအသိုက်အဝန်းအတွက် အရေးကြီးပြီး တကယ်လိုအပ်နေတာတွေကို သိလာမြင်လာနိုင်ပါသည်။
အဲ့ဒီလို အရေးကြီးပြီး တကယ်လိုအပ်တာကို ရွေးချယ်သတ်မှတ်ပြီးပါက အဲ့ဒီအထဲမှာ ဒေသခံတွေ လုပ်ပေးစေချင်တာတွေပါသလား။ ပါနေတယ်ဆိုရင် အဲ့ဒီတူညီနေတာတွေကို ဦးစားပေးလုပ်သင့်သည့်အရာများအဖြစ် စာရင်းတို့ထားသင့်သည်။ မပါပါက ဒေသခံလူထုနှင့် ပြန်လည်ညှိနှိုင်း အဖြေရှာသင့်သည်။ ထို(၂)ချက်ဘုံထပ်နေသည်များ ရရှိပြီးပါက ကိုယ်တွေ လုပ်ချင်နေတာ ဖြစ်ချင်နေတာတွေနဲ့ နှိုင်းယှဉ်လေ့လာ ပြန်လည်ဆွေးနွေးကြရပါမည်။ ကိုယ့်ဘက်မှာရှိနေတဲ့ အကန့်အသတ်တွေအားလုံးကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေး သုံးသတ်ဆုံးဖြတ်ကြဖို့ လိုပါသည်။ မည်သည့်အဖွဲ့အစည်းတွင်မဆို လူအင်အား ငွေကြေးအင်အား အချိန်ပေးနိုင်မှု ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်နိုင်မှုစသည်စသည်ဖြင့် အကန့်အသတ်များ အနည်းနှင့်အများမဆို ရှိနေနိုင်ပါသည်။
သို့ဖြစ်၍ နောက်ဆုံးအဆင့် ဘုံထပ်သောအခါ မိမိတို့ လုပ်ချင်သည်ထက် လုပ်ပေးနိုင်သည့် အတိုင်းအတာနှင့်သာ ချက်(၃)ချက်ဘုံတူတာတွေကို ရှာဖွေသတ်မှတ်သင့်သည်ဟု အကြံပြုလိုပါသည်။ သို့သော် ထိုသို့မလွဲမသွေ လုပ်ကြပါဟုတော့ မဆိုလိုပါ။ ဤသို့ဆောင်ရွက်ရာတွင် ဖြစ်တန်ရာချေကို လေ့လာဆန်းစစ်ရသော အလုပ်တစ်ခုကို မဖြစ်မနေလုပ်ဖို့ လိုလာသည်။ ထိုအတွက် အချိန် ငွေကြေး လူအင်အား အတိုင်းအတာတစ်ခု ထပ်ဆောင်းသုံးစွဲဖို့ လိုအပ်လာ၍ဖြစ်သည်။ ဒါကို အချို့က အချိန်ကုန်သည် ငွေအပိုကုန်သည် မလိုအပ်ပါဟု ထင်မြင်ယူဆ သတ်မှတ်ကြသည်။
ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် လုပ်ကြရသည့်အတွက် ခရီးဖင့်သည်၊ လူများလျှင် စကားများသည်၊ မိမိတို့ငွေကြေးဖြင့် မိမိတို့ စိတ်တိုင်းကျ လုပ်ခွင့်မရတာဟု တချို့ကလည်း ဒီပုံစံမျိုးကို မနှစ်ကြိုက်ကြပါ။ သို့သော် စည်းစနစ်တကျ အကောင်းအထည်ဖော်နိုင်မှု၊ ထိရောက်မှု၊ အကျိုးရှိစေမှုတွေကတော့ ကွဲပြားခြားနားမှုတွေ များစွာရှိနေလိမ့်မည် ဖြစ်ပါသည်။